အပျိုးရဲ့ အချိန်အတိုင်းအဆနဲ့ အမျိုးအစား
အိမ်ထောင်ရှင်တွေကြားမှာ ပဋိပက္ခ ဖြစ်နေတတ်တဲ့အထဲမှာ တစ်ဦးနဲ့ တစ်ဦး ချစ်တင်းနှောလိုစိတ်များ နိုးကြား ပေါ်ပေါက်လာစေရေးအတွက် ဖန်တီးယူကြတဲ့ နည်းလမ်းများ (ဝါ) အပျိုးကလည်း အများကြီး စကားပြောနေနိုင်ပြန်ပါသေးတယ်။ အပျိုးဟာ ချစ်တင်းနှောရေးအတွက် တကယ် အရေးပါလှတဲ့ အခင်းအကျင်း ဖြစ်ပါတယ်၊ တင်းကျပ်မှုတွေ ပြေလျော့ရေး အပေါ်မှာလည်း အပျိုးက အများကြီး လွှမ်းမိုးထားပါတယ်၊ ချစ်တင်းနှောရာက ရရှိလာမယ့် သာယာမှု အတိုင်းအဆကို ဖြည့်ဆီးပေးလို့လည်း နေပါတယ်။ ဒါ့ကြောင့် ကိလေသာချစ်နဲ့ ပတ်သက်ကြတဲ့ ချစ်ခင်ရင်းနှီးမှုတစ်ရပ်မှာ သည်အပျိုးဟာ အလွန်အမင်းကို အရေးကြီးလှတဲ့ အခန်းကဏ္ဍတစ်ရပ်မှာ နေရာယူလို့ ထားပါတယ်။နှစ်ဦးနှစ်ဖက် နိုးကြားတက်ကြွလာစေဖို့အတွက် အိမ်ထောင်ရှင်များအကြားမှာ ဆောင်ရွက်ပေးနိုင်စွမ်းဟာ အမှန်တော့ အနုပညာတစ်ရပ်ပါ။ နေ့ချင်းညချင်းကြီး အလိုလို တတ်သိ ကျွမ်းကျင်လာတာမျိုး မဟုတ်ပါဘူး။ တစ်ယောက်သဘော တစ်ယောက် နားလည်နေပြီး ဘယ်လို ထွေးပွေ့မှုမျိုး၊ ဘယ်လို အပြောအဆိုမျိုးက တစ်ဖက်သားမှာ နိုးကြားလာအောင် စွမ်းဆောင်ပေးနိုင်သလဲဆိုတာကို သိရဖို့ အချိန်ယူရပါတယ်။ လေ့လာရပါတယ်။ စူးစမ်းရပါတယ်။
အိမ်ထောင်သက်လေး အထိုက်အလျောက် ရ၊ ချစ်တင်းနှောတဲ့ အတွေ့အကြုံတွေလည်း အထပ်ထပ်ရှိလာမှသာလျှင် ဘယ်ဟာက အဆင်ပြေတယ်၊ ဘယ်သင်းက အဆင်မပြေဘူးဆိုတာ သိလာနိုင်တာမျိုးလည်းပဲ ဖြစ်ပါတယ်။
ရှေ့မှာ ဆွေးနွေးခဲ့တဲ့အတိုင်း အမျိုးသားမှာရော အမျိုးသမီးတွေမှာပါ ချစ်ရေးချစ်ရာမှာ အာရုံခံစားဖို့ ပိုနိုးကြားလွယ်တဲ့၊ သာယာကျေနပ်မှုကို ရရှိနိုင်တဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ (အာရုံနိုးရာ ကွက်ရပ်ကလေးတွေ) က တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ လှေနံဓားထစ်လို့ မရပေဘူးပေါ့ခင်ဗျာ။ ဆိုလိုတာက ကိုယ့် အရင်ရည်းစားတုန်းက နားရွက်ကလေးကို နှုတ်ခမ်းလေး ဖွဖွတို့ပြီး နမ်းလိုက်တဲ့အခါ တအား အာရုံတွေ နိုးလာတတ်ပေမယ့် နောက်တစ်ယောက်ရဲ့ နားရွက်ကို သွားနမ်းတဲ့အခါကျတော့ ခွက်ထိုးခွက်လန်တွေ ထရယ်တဲ့အထိ ဖြစ်ကုန်တာမျိုးလည်း ရှိတတ်တယ်။ အတိတ်စိမ်းတစ်ခုပေးရရင် ရင်သားချင်းအတူတူတောင် သည်တစ်ယောက်အတွက် ဘယ်ဘက် ရင်သားက အာရုံနိုးပေမဲ့ နောက်တယောက်အတွက်ကျတော့ ညာဘက် ရင်သားကမှ စိတ်လှုပ်ရှားစရာ ပိုကောင်းနေတတ်ပါသေးတယ်။
သည်တော့ကာ ဆန့်ကျင်ဘက်လိင်ကို စိတ်လှုပ်ရှားလာအောင် ဆောင်ရွက်ရာမှာ သူငယ်ချင်း အပေါင်းအသင်းတွေ၊ ရုပ်ရှင် ဗှီဒီယိုတွေ၊ စာအုပ်စာတမ်းတွေဆီက ဘယ်လောက်ပဲ သိထား၊ မှတ်ထားထား အိမ်ထောင်ရေးမှာ နှစ်ဦးနှစ်ဖက် ကျေနပ်မှု၊ စိတ်ချမ်းသာမှု ရဖို့အတွက်ကျတော့ တစ်ဦးချင်းစီရဲ့ ဘယ်သူနဲ့မှ မတူတဲ့ အပျိုးကာလ အမူအကျင့်တွေကို သိထားဖို့က ပိုလိုအပ်ပါတယ်။ တစ်နည်းပြောရရင်တော့ ကိုယ့်အိမ်ထောင်ဖက်ရဲ့ သီးခြား လိုအင်ဆန္ဒတွေကို စူးစမ်းဖော်ထုတ်ပြီး သိအောင် လုပ်ရတော့မှာပါ။
သည်မှာလည်း တစ်ယောက်နဲ့ တစ်ယောက် စကားပေါက်ဖို့က လိုလာရပြန်ပါတယ်။ အမှန်တကယ် ချစ်တင်းနှောတဲ့အချိန်မတိုင်ခင် အပျိုးကာလကို ဘယ်လောက်ကြာကြာ အချိန်ယူရမယ်ဆိုတာ၊ ဘယ်လို အပျိုးမျိုးကို လိုလားတယ်ဆိုတာ၊ ချစ်တင်းနှောနေစရာမလိုဘဲ အပျိုးနဲ့တင် ဇာတ်သိမ်းရောက်တာဟာ လက်ခံနိုင်ဖွယ်ရှိ၊ မရှိနဲ့ အဲဒါမျိုးကို ပိုပြီး လိုလားတယ်၊ မလိုလားဘူးဆိုတာများကို သိနေဖို့အတွက်က တစ်ယောက်နဲ့တစ်ယောက် စကားပေါက်မှကို ဖြစ်မှာလည်း အသေအချာပါပဲ။
၁၉၇၀ ပြည့်နှစ်က အမေရိကန်နဲ့ ကနေဒီယံအမျိုးသမီးများနဲ့ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တစ်ရပ်မှာ အထင်အရှား တွေ့လာရတဲ့ အချက်တစ်ချက်ကတော့ အိမ်ထောင်ရှင် အမျိုးသားတွေဟာ သူတို့ရဲ့ ဇနီးမယားတွေ ချစ်တင်းနှောလိုစိတ် ပေါ်လာအောင် လှုံ့ဆော် ပြင်ဆင်ယူတဲ့ အလေ့အထ မရှိကြဘူးဆိုတာပါပဲ။ အမျိုးသားတွေဟာ သူတို့ရဲ့ သာယာ ကျေနပ်မှုကိုပဲ မဲတင်းတတ်ကြပြီး အမျိုးသမီးများရဲ့ လိုအင်ကို ဖြည့်ဆည်းဖို့အတွက် မဖြစ်မနေလိုအပ်တဲ့ အပျိုးကာလကို အလောသုံးဆယ်နဲ့ ကျော်ဖြတ်ကြစမြဲပဲလို့ ဖြေဆိုခဲ့သူ အမျိုးသမီး တွေက ထောက်ပြလေ့ရှိပါတယ်။ (Hite, 1976)
သည်အချက်ကို အမေရိကန် အမျိုးသမီးတွေရဲ့ လိင်မှုရေးရာ အမူအကျင့်များကို စစ်တမ်းကောက်ယူခဲ့တဲ့ ဟိုက်(ထ်)ရဲ့လေ့လာချက်ထဲကအမျိုးသမီး တစ်ယောက်ရဲ့အဖြေက ပေါ်လွင် ထင်ရှားနေစေပါတယ်။ အဲဒီ့ အမျိုးသမီးက အိမ်ထောင်နှစ်ဆက်မက ကျခဲ့ဖူးသူပါ။ သူ့ကို “ခင်ဗျားနဲ့ အိမ်ထောင်ကျခဲ့တဲ့ အမျိုးသားတွေဟာ ချစ်မှုချစ်ရေးနဲ့ပတ်သက်လို့ သေချာ ဂန သိထားကြပါသလား၊ ခင်ဗျားရဲ့ လိုအင်တွေကို နားလည်သိတတ်နိုင်စွမ်းရော ရှိကြပါသလား”လို့ မေးလိုက်တဲ့အခါ သူက ဟောသလို ဖြေပါတယ်။
“ယောက်ျားအများစု ထင်တာက နှစ်မိနစ်လောက် နမ်းရှုပ် ထွေးပွေ့လိုက်ရုံနဲ့ အလိုလို အာရုံနိုးလာမယ်၊ သူတို့လိုပဲ မဆိုင်းမတွ ချစ်တင်းနှောနိုင်တော့မယ်လို့ပဲ။ ကျွန်မ ဖြစ်ချင်တာကို ပါးစပ်နဲ့ရင်လည်း ပြောရတယ်၊ ဒါမှမဟုတ် လက်တွေ့ရင်လည်း ပြရတယ်။ ဘယ်သကောင့်သားကမှ ကျွန်မ ဘယ်လိုဖြစ်ချင်တယ်၊ ဘာလိုချင်တယ် ဆိုတာကို တစ်ခါဖူးမှ မမေးကြဖူး ဘူး။ ဒါမှမဟုတ်လဲ ကျွန်မရဲ့ ချစ်တင်းနှောလိုတဲ့စိတ်တွေ ဘယ်လိုဆိုရင် နိုးကြားလာမလဲဆိုတာကိုလည်း ဘယ်သကောင့်သားမှ သိမနေသလို သိဖို့လည်း မကြိုးစားတတ်ကြပါဘူး။ တော်တော့်ကို စိတ်ပျက်စရာကောင်းတာပါပဲ။ ကိုယ်က ပြောရ၊ ပြရတယ်ဆိုတာကလည်း တစ်မျိုးတော့ တစ်မျိုး ကြီးပဲ။ ဒါပေမယ့် မပြောလည်း သိတတ်ကြတာမှ မဟုတ်တာလေ။ တကယ်တော့ ယောကျာ်းတွေဟာ အလွဲတွေသာ သိထားတဲ့ တစ်ကိုယ် ကောင်းသမား တွေပါပဲရှင်”တဲ့။
သည်နေရာမှာ စာဖတ်သူလူကြီးမင်းများ သတိချပ်သင့်တာက သည်လေ့လာချက်တွေဟာ အနောက်တိုင်း လူ့ဘောင်တွေမှာ လုပ်ခဲ့တဲ့ လေ့လာချက်တွေဆိုတာပါပဲ။ တစ်နည်းပြောရရင် ကျွန်တော်တို့ အရှေ့တိုင်းသားများထက် စာရင် သည်ကိစ္စမျိုးကို ပိုပြီးပွင့်ပွင့်လင်းလင်း ဖွင့်ချ ဆွေးနွေးတဲ့ အလေ့အထလည်း ရှိတယ်၊ လူကြီးသူမတွေကလည်း သားသမီးတွေကို ဒါတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ထက်စာရင် ပိုပြောဖြစ်တယ်ဆိုတဲ့ လူ့ဘောင်မျိုးထဲက လေ့လာချက်တွေဖြစ်ပါတယ်။
သည်လို ကျွန်တော်တို့ထက် အဆများစွာ နှုတ်ရဲတဲ့ လူ့ဘောင်မှာတောင် မိန်းမသားတွေက သည်လိုပြောနေကြတယ်ဆိုရင် နှုတ်မရဲ၊ လျှာမရဲ နဲ့ ဒါမျိုးကို ပြောတဲ့သူပဲ မဟုတ်တမ်းတရားတွေ လုပ်နေဘိသကဲ့သို့ ကြောင်သူတော် လုပ်ဖို့ အထုံပါတဲ့ ကျွန်တော်တို့ လူ့ဘောင်ထဲက မိန်းမသားတွေခမျာမှာ သည်ကိစ္စနဲ့ ပတ်သက်လို့ ဘယ့်ကလောက် အနေရကျပ်နေ၊ အခံရခက်နေမယ်ဆိုတာကို မှန်းဆကြည့်နိုင်ကြပါလိမ့်မယ်။
ကျွန်တော့် တစ်ကိုယ်ရေအနေနဲ့ကတော့ စစ်တမ်းရယ်လို့ ကျယ်ကျယ်ပြန့်ပြန့် မကောက်ဖူးသည့်တိုင် ဆုံဖူးသူတွေ၊ မေးလို့ ရလို့ မေးကြည့်ဖူးသူတွေရဲ့ စကားအထွေထွေနဲ့ ချိန်ထိုးမယ်ဆိုရင် အထက်မှာ ဖော်ပြခဲ့တဲ့ အမျိုးသမီးရဲ့ စကားအတိုင်း ယောက်ျားဆိုတာတွေဟာ “အလွဲတွေသာ သိထားတဲ့ တစ်ကိုယ်ကောင်းသမားတွေ” ဖြစ်နေတာတော့ ဧကန်ပါပဲ။
သည်နေရာမှာ ဖြည့်ပြောသင့်တာက “သားငယ်တို့ နားလည်ဖို့”ရယ်၊ “ယောကျာ်းသားချင်း ပွင့်ပွင့်လင်း”ရယ်ကို ရေးမိတဲ့နောက် ကျွန်တော့်ဆီ ဆက်သွယ် မေးမြန်းလေသမျှ ကိုရွှေယောက်ျားသားတွေရဲ့ မေးခွန်းတွေ၊ အကြံတောင်းချက်တွေဟာလည်း “အလွဲတွေသာ သိထားတဲ့ ယောကျာ်းသားတွေ”ဆိုတဲ့အချက်ကို ရာနှုန်းပြည့် ထောက်ခံလို့နေပါတယ်။ ငယ်ပါ ဖွံ့ဖြိုးရေးကို ဇောင်းပေးနေခြင်းဟာ အဲသလို အလွဲကိုသာ သိထားပြီး အဲလို တစ်ကိုယ်ကောင်းသမား ဆန်ချင်တဲ့ စိတ်ကြောင့်ဖြစ်ပါတယ်။ ကျွန်တော့်ကို မေးသူတွေထဲမှာ အမျိုးသမီးတွေ သာယာ ကျေနပ်မှုရအောင် ကျွန်တော်တို့ ဘယ်လို ဘယ်ပုံ ပျိုးယူရမလဲခင်ဗျာလို့ မေးတဲ့လူဆိုလို့ ယနေ့အထိ တစ်ယောက်ဆို တစ်ယောက်မှ မပါသေးတာလည်း အမှန်ပါပဲ။
ချစ်မှုချစ်ရေးမှာ သာယာကျေနပ်မှုကို အပြည့်ဝဆုံး ခံစားရရှိနိုင်ဖို့ အရေးမှာ စိတ်ကူးစိတ်သန်းများကလည်း အသက်တမျှ အရေးကြီး နေပြန်ပါတယ်။ အထူးသဖြင့် အိမ်ထောင်ရေးမှာပါ။ အိမ်ထောင်ရေးမှာက ကိုယ့်အိမ်ထောင်ဖက်နဲ့သာ နှစ်ပေါင်းများစွာ ချစ်ခန်းဖွင့်ကြရတာဖြစ်ပါတယ်။ သည်အခါမှာ အပျိုးကာလမှာ ဝတ္တရားရှိတဲ့ အတိုင်း တစ်ခါလာလည်း ဒါ၊ တစ်ခါလာလည်း ဒါ ဖြစ်နေမယ်ဆိုရင် ညည်းငွေ့လာ၊ စိတ်ပျက်လာစရာအကြောင်းက အတော့်ကို များလှတယ်။
ချစ်ရေးချစ်ရာအတွက် ချဉ်းကပ်ပုံ ချဉ်းကပ်နည်းနဲ့ အခင်းအကျင်းမှာ အပြောင်းအလဲလေးတွေ လုပ်ပေးခြင်းဟာ အိမ်ထောင်ရေးကို သကာလောင်း ပေးသလို၊ ရေလောင်း ပေါင်းသင်ပေးသလို ဖြစ်သွားစေနိုင်ပါတယ်။ အိမ်ထောင်ရေးအတော်များများမှာက ခန္ဓာကိုယ်ရဲ့လိုအင်ကို အလောသုံးဆယ် ဖြည့်တင်းရေး အတွက်သက်သက်သာ ဆောင်ရွက်ကြတဲ့ ချစ်မှုချစ်ရေးတွေ ဖြစ်နေတတ်တယ်။ တစ်ခါလာ မဲပြာပုဆိုး၊ သိုးနေပုပ်နေတဲ့၊ ဘာစိတ်ကူးဉာဏ်မှ ကွန့်မြူးမှု မရှိလေတဲ့ ဆောင်ရွက်ချက်တွေ ဖြစ်နေတာက များတယ်။ အိမ်ထောင်ရေးမှာ တစ်ယောက်နဲ့ တစ်ယောက် ညားခါစတုန်းကလို လိုလိုလားလား ရှိနေတဲ့ အနေအထားကို ဆက်လက် ထိန်းသိမ်းထားချင်ကြတဲ့ အိမ်ထောင်ရှင်တွေအနေနဲ့က အိမ်ထောင်ရဲ့ စီးပွားရေး၊ စားဝတ်နေရေး၊ လူမှုရေးများနဲ့ပတ်သက်လို့ တစိုက်မတ်မတ် တိုးပွား စည်ပင်အောင် ကြိုးပမ်းကြတဲ့နည်းအတိုင်း သည်ကိစ္စနဲ့ပတ်သက်လာရင်လည်း အမြဲတစေ ဆန်းသစ်နေအောင် မနားတမ်း ကြိုးပမ်းဆောင်ရွက်သင့်ပါတယ်။
အမှန်တော့ သမီးရည်းစားဘဝမှာ အချစ်ကုန်ပြီး လင်မယားဘဝမှာ အရှက်ကုန်တယ်ဆိုတဲ့ စကားဟာ လိုအပ်လို့ ပြောတဲ့စကားပါ။ လင်မယားစင်စစ် ဖြစ်ပါလျက်နဲ့ တစ်ယောက်ကို တစ်ယောက် သည်ကိစ္စတွေ ပြောဆို ဆွေးနွေးရမှာ နှုတ်တွန့်နေမယ်၊ ရှက်ရွံ့နေမယ်ဆိုရင် အဲဒါဟာ အိမ်ထောင်ရေးကို ကောင်းစွာ ထိခိုက်လာနိုင်ပါတယ်။ သည်နေရာမှာ ယောက်ျားသား ကိုကိုတွေ သတိချပ်အသင့်ဆုံး အချက်တစ်ချက်က ကျွန်တော်တို့ လူ့ဘောင်မှာ မိန်းမသားတွေဟာ ကလေး ငါးယောက် မွေးထားတဲ့ သားသည်မအေ ဖြစ်နေပါစေ၊ သည်လိုကိစ္စမျိုးကို ကိုယ့်လင်သားနဲ့ ပြောဆိုဆွေးနွေးဖို့ ခက်နေတတ်သေးတဲ့ ပတ်ဝန်းကျင်မျိုး ဖြစ်နေတယ်ဆိုတာပါပဲ။ အထူးသဖြင့် ယောက်ျားလုပ်တဲ့သူက သည်ကိစ္စကို ဟဟမှ ပြောဖော် မရလို့ကတော့ မိန်းမသားတွေခမျာမှာ သေသည်အထိ ရေငုံသွားမှာလည်း သေချာသလောက်ပါပဲ။
သည်တော့ ကိုယ့်ဘက်က သည်ကိစ္စကို သူပြောရဲလာအောင် ဖြည်းဖြည်းချင်း အားထုတ်ယူ၊ စည်းရုံးယူရပါမယ်။ တစ်ဆက်တည်းမှာပဲ ကိုယ့်ဘက်ကလည်း သူ မပြောပေမယ့် သိနိုင်တာလေးတွေကို ဖွေရှာတတ်အောင် ကြိုးပမ်းသင့်ပါတယ်။
0 comments: